ဗဟုသုတ | Posted by အေးမြတ်သူ
ကျမ်းကျိန်လွှာဆိုသည်မှာ ကတိသစ္စာပြုနိုင်သူ၏ ရှေ့၌ကျမ်းသစ္စာပြုခြင်းပင်ဖြစ်ပါသည်။ သက်သေခံ ဥပဒေနှင့်တော့ ကတိသစ္စာပြုလွှာမှာ အကျုံးမဝင်ပါ။ ကတိသစ္စာပြုလွှာမှာ သက်သေခံအထောက်အထားတစ်ရပ်မဟုတ်သော်လည်း တရားမကျင့်ထုံးအမိန့် - ၁၉ နှင့် ဆက်စပ်မှုရှိပါက သက်သေခံအဖြစ် အသုံးပြုနိုင်ပါသည်။ ကတိသစ္စာပြုလွှာမှာ ဥပဒေအရအတိအလင်း ခွင့်ပြုထားသောကိစ္စရပ် မဟုတ်ပါက သက်သေခံတင်ပြခွင့် မရှိပါ။
သီးခြားအကြောင်းအရာ တစ်စုံတစ်ရာအား ထင်ရှားအောင် ကျမ်းကျိန်လွှာဖြင့် သက်သေပြရန် တရားရုံးမှ ညွှန်ကြားသည့်အခါ လိုက်နာဆောင်ရွက်နိုင်ပါသည်။ သို့သော် တရားရုံးမှ ကျမ်းကျိန်လွှာအား အထောက်အထားပြု၍ အမိန့်ချမှတ်ခြင်းတော့ မရှိပါ။
ကျမ်းကျိန်လွှာအား အားကိုးအားထားပြု၍ အိမ်ခြံမြေများတွင် အပိုင်ပေးကမ်းခြင်း၊ အရောင်းအဝယ် ပြုခြင်း၊ စွန့်လွှတ်/လဲလှယ် စာချုပ်ချုပ်ဆိုခြင်း ဆောင်ရွက်ခွင့်မရှိသလို ကျမ်းကျိန်လွှာအား ပိုင်ဆိုင်မှုစာရွက်စာတမ်းအဖြစ် သက်သေတင်ပြခွင့် မရှိပါ။
ကျမ်းကျိန်လွှာတစ်စောင် ပြုလုပ်မည်ဆိုပါက ကျမ်းကျိန်ဆိုမည့်သူ ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်ကာ ၁၅၀ တန် တံဆိပ်ခေါင်းပေါ်တွင် ရိုက်နှိတ်ရမည်ဖြစ်ပါသည်။ အသက် - (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားစီစစ်ရေး ကတ်မူရင်း ပါရှိရပါမည်။
အသိသက်သေ(၂)ဦးနှင့် ၎င်းတို့၏ မှတ်ပုံတင်မူရင်းများပါရှိရပါမည်။ ကျမ်းကျိန်လွှာ ဆောင်ရွက်သူမှာ ကျမ်းကျိန်လွှာတွင်ပါရှိသည့်အချက်အလက်များ မှန်ကန်ကြောင်း ကိုယ်တိုင် တာဝန်ယူရမည် ဖြစ်ပါသည်။
ပြည်သူ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ကတိသစ္စာပြု၍ ကျမ်းကျိန်လွှာပြုလုပ်နိုင်ပါသည်။ ထို့ပြင် သမ္မာန်စာအတည်ပြုရမည့် ကိစ္စရပ်များတွင်လဲ ကျမ်းကျိန်လွှာဖြင့် သက်သေပြခြင်းများရှိပါသည်။
တရားရုံးမှ သင့်လျော်သည်ဟု ထင်မြင်ယူဆပါက သီးခြားအကြောင်းခြင်းရာတစ်ရပ်ကို ကတိသစ္စာပြု ကျမ်းကျိန်လွှာဖြင့် သက်သေထင်ရှားပြရန် အမိန့်ချမှတ်သည့်အခါမှသာ ကတိသစ္စာပြု၊ ကျမ်းကျိန်မှုအား သက်သေခံတင်ပြနိုင်မည်ဖြစ်ပါသည်။
ကတိသစ္စာပြု၊ ကျမ်းကျိန်မှုအား လိမ်လည်ထွက်ဆို၍ ပြုလုပ်လျှင်လဲ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၁၉၃ အရ အရေးယူခြင်းခံရနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com