ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဂျာမနီနိုင်ငံရှိ တောနက်ကြီးတစ်ခုထဲတွင် တောရိုင်းသစ်ပင်များကြားမှ ငွါးငွါးစွင့်စွင့် ထွက်ပေါ်နေသော မိုးမျှော်တိုက်ကြီးတစ်ခုရှိနေသည်။
ကြီးမားလှသော မိုးမျှော်တိုက်ကြီးတစ်ခုဖြစ်သော်လည်း လူသူတစ်ဦးတစ်လေမှ နေထိုင်ခြင်းမရှိချေ။
အဘယ်ကြောင့်ဆိုလျှင် ဓာတ်လှေကားများ စမ်းသပ်ရန်အတွက် ရည်ရွယ်ကာ ဆောက်လုပ်ထားခြင်းကြောင့် ဖြစ်သည်။
(ဓာတ်လှေကားစမ်းသပ်သည့် မိုးမျှော်တိုက်ကြီးသည် ဆိတ်ငြိမ်အေးချမ်းသော တောတွင်းမြို့လေးတစ်ခု အနီးတွင် တည်ရှိသည်။ ဓာတ်ပုံ-Getty)
(မိုးမျှော်တိုက်၏ အမြင့်မှာ ၈၀၇ ပေရှိသည်။ ဓာတ်ပုံ-Getty)
မိုးမျှော်တိုက်ကြီးကို The TK Elevator Testturm ဟု အမည်ပေးထားပြီး ဓာတ်လှေကားနည်းပညာ တိုးတက်ဆန်းသစ်မှုများရှိလာစေရန် ရည်ရွယ်ကာ စမ်းသပ်မှုများပြုလုပ်ရန် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
TK Elavator Engineering ကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မျိုးဆက်သစ် ဓာတ်လှေကားများ စမ်းသပ်ရန်နေရာ ၁၂ ခု ထည့်သွင်းထားသည်။
ဤမိုးမျှော်တိုက်ကြီးတွင် မြန်နှုန်းမြင့်ဓာတ်လှေကားများအပြင် အလျားလိုက်နှင့် ဒေါင်လိုက် ၂ မျိုးလုံး ရွေ့လျားနိုင်သော Multi system ဓာတ်လှေကားများကိုလည်း စမ်းသပ်မှုများ ပြုလုပ်သည်။
မိုးမျှော်တိုက်ကြီးအနီး တောအုပ်ထဲတွင် အလယ်ခေတ်မြို့လေးဖြစ်သော Rottweil မြို့လေးတည်ရှိသည်။
လန်ဒန်မြို့မှ Shard မိုးမျှော်တိုက်ကြီး၏ အမြင့်နီးပါးရှိကာ ကြီးမားသည့်အဆောက်အအုံဖြစ်သော်လည်း တန်ဖိုးကြီးလူနေခန်းများ၊ ရုံးခန်းများမရှိ။
ဆန်းသစ်တီထွင်မှုများပြုလုပ်ရာ ဓာတ်ခွဲခန်းတစ်ခုသဖွယ်သာ ဖြစ်သည်။
ကမ္ဘာတဝန်းမှ အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များသည် ယခုနေရာသို့ လာရောက်ကြကာ နောက်ဆုံးပေါ် နည်းပညာဒီဇိုင်းများကို စမ်းသပ်ကြပြီး မျိုးဆက်သစ်ဓာတ်လှေကားတို့ ဘေးကင်းစိတ်ချရမှု ရှိ၊ မရှိ စစ်ဆေးကြသည်။
အနီးဝန်းကျင်တွင် နေထိုင်သူများအတွက်မူ Testtrum သည် စက်မှုအဆောက်အအုံတစ်လုံးအဖြစ်သာမက ယဉ်ကျေးမှုပြယုဂ်တစ်ခုလည်း ဖြစ်နေသည်။
Testtrum တွင် အမြင့်ပေ ၇၆၁ ပေ၌ ရှုခင်းကြည့်နေရာ ထည့်သွင်းထားပြီး Black Forest တောအုပ်နှင့် Swiss အဲလ်ပ်တောင်တန်းတို့၏ အလှကို ရှုမြင်ခံစားနိုင်သည်။
Testtrum ကို အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့် ပေးခဲ့ပြီးနောက်ပိုင်း ရှုခင်းကြည့်သော နေရာမှာ ကမ္ဘာလှည့်ခရီးသွားတို့အကြား နာမည်ကျော်သောနေရာတစ်ခု ဖြစ်လာသည်။
မိုးမျှော်တိုက်ကြီး၏ ထူးခြားသောနေရာတစ်ခုမှာ Multi system ဓာတ်လှေကားစနစ် စမ်းသပ်သည့်နေရာ ဖြစ်သည်။
Multi system သည် သမားရိုးကျဓာတ်လှေကားများကဲ့သို့ ကေဘယ်ကြိုးများဖြင့် အလုပ်လုပ်ခြင်းမဟုတ်။
သံလိုက်စက်ကွင်းဖြင့်အလုပ်လုပ်သောနည်းပညာဖြစ်ကာ လားရာအမျိုးမျိုးသို့ ရွေ့လျားစေနိုင်စွမ်းရှိသည်။
(The TK Elevator Testturm မိုးမျှော်တိုက်ကြီးကို တွေ့ရပုံ။ ဓာတ်ပုံ-Alamy)
(ကမ္ဘာလှည့်ခရီးသွားများကြား နာမည်ကျော်သော ရှုခင်းကြည့် Observation deck ။ ဓာတ်ပုံ-Alamy)
(ဓာတ်လှေကားများ စမ်းသပ်ရန် ရည်ရွယ်ကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဓာတ်ပုံ-Alamy)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Huge skyscraper nearly as tall as The Shard built in forest & no one lives there…because giant tower is to test LIFTS (thesun) Photo Credit-Getty, Alamy