သင်ဟာ တိုက်ခန်းမဟုတ်ဘဲ လုံးချင်းအိမ်လေးနဲ့ နေတယ်ဆိုပါစို့။ ဒီလိုဆို အဲ့ဒီအိမ်လေး ဆက်လက်တည်တံ့ကြာရှည်ခံအောင် ထိန်းသိမ်းဖို့အတွက် သင့်မှာ လုံးလုံးတာဝန်ရှိလာပါပြီ။
ပြန်ရောင်းဖို့ အစီအစဉ်မရှိဘူးဆိုရင်တောင် သင့်အိမ်ရဲ့အတွင်းအပြင်မှာ ရေညှိ၊ အက်ကွဲကြောင်းနဲ့ ဆေးသုတ်ထားတဲ့ အုတ်နံရံက အစိုပြန်ပြီး ကွာနေတဲ့ အကွက်တွေ ကင်းစင်ရေးက အရမ်းကိုအရေးကြီးပါတယ်။ ကိုယ်နေတဲ့နေရာတွေကို မှိုတွေနဲ့ မျှဝေခွဲသုံးဖို့ဆိုတာ ဘယ်လိုမှကို ကျန်းမာရေးနဲ့ မညီညွတ်ဘူးလေ။
ဒီမှိုတွေကို ဖြစ်တည်ခွင့်ပေးလိုက်ရင် သင့်အိမ်နဲ့ သင့်ကျန်းမာရေးကို တိုင်းတာလို့ မရတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်သွားစေနိုင်ပါတယ်။
ဒီပြဿနာတွေကို တိုက်ဖျက်ဖို့ အောက်ပါအဆင့်တစ်ချို့ကို လုပ်ဆောင်နိုင်ပါတယ်။
ခေါင်မိုး : ရေချိုးခန်းနဲ့ အိမ်သာထဲက ပိုက်တွေထက်တောင် ပိုလို့ရေဘုယျကျတဲ့ ပြဿနာဧရိယာက အိမ်ခေါင်မိုးတွေပါပဲ။ ရေစီးပိုက်တွေပိတ်ဆို့ခြင်း၊ ရေစီးပိုက်တွေ ဆင်ထားတာ အဆင်မပြေခြင်း၊ ကွန်ကရစ်တုံးတွေကြားထဲက ဟနေတာတွေနဲ့ ရေလေးတွေစုနေတာတွေဟာ ခေါင်မိုးအောက်မှာ ရေစိုပြန်တဲ့အကွက်တွေ ဆေးသားကြွပြီး ကွာနေတဲ့အကွက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နံရံများ : နံရံတွေဟာ နေဒဏ်မိုးဒဏ်ထိပြီးနောက် အက်ကွဲကြောင်းတွေ ပေါ်လာနိုင်ပါတယ်။ ဒီအက်ကွဲကြောင်းတွေကို လျော့ပါးပျောက်ကင်းစေနိုင်တဲ့ သုတ်ဆေးတွေ sealant တွေ အများကြီး ရှိပါတယ်။ အစပိုင်းမှာတော့ ဒီလိုသုတ်လိုက်ဖာလိုက်လို့ သင့်အတွက် အကုန်အကျများတယ်လို့ ထင်မှာပါ အမှန်တော့ အနာဂတ်အတွက် သင်ငွေကြေး စုဆောင်းပြီးသား ဖြစ်သွားမှာပါ။
နံရံမှာ အက်ကွဲကြောင်းတွေ ဖြစ်လာရင် ရေညှိတို့ စတာတွေ ပေါက်ဖွားပေါ်ပေါက်လာဖို့ အခွင့်အရေးပေးသလို ဖြစ်နေပါတယ်။ ရေစိမ့်ဝင်တာလည်း ဖြစ်လာမှာမို့ နောက်ထပ် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာစေမှာမလွဲပါပဲ။ ဒီလိုကြုံရပြီဆို သင့်တော်တဲ့ sealant နဲ့သာ ပိတ်လိုက်ပါ။ နံရံတွေကို အရည်အသွေးကောင်းတဲ့ ရေစိုခံသုတ်ဆေးတွေနဲ့ ဆေးသုတ်ပါ။
အိမ်ထဲမှာ ရေစိုခံအောင်လုပ်ဖို့ လိုတဲ့ အခြားနေရာတွေလည်း ရှိပါတယ်။ မီးဖိုချောင်ထဲ၊ ရေချိုးခန်းထဲနဲ့ အိမ်သာထဲက တံခါးတွေ၊ ပြတင်းပေါက်တွေ၊ ပိုက်တွေနဲ့ ရေဆင်းပိုက်တွေ ပါဝင်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)